Hilton နေပြည်တော်၏ စားဖိုမှုး အပါအဝင် အဖျော်ယမကာဖျော်စပ်သူနှစ်ဦး တို့သည် မကြာမီက မလေးရှားနိုင်ငံ၊ ပီနန်မြို့တွင် ကျင်းပပြီးစီးခဲ့သော အာရှဆိုင်ရာအစားအသောက်ပွဲတော်နှင့် စားဖိုမှုးပြိုင်ပွဲ ၂၀၁၆ (Asian Food Festival and Battle of the Chefs 2016) တွင် မြန်မာနိုင်ငံကိုယ်စားပြု၍ သွားရောက်ယှဉ်ပြိုင်ခဲ့ပြီး ဆုတံဆိပ် ခုနှစ်ခု အနက်မှ ငွေတံဆိပ်ဆု လေးဆု ဆွတ်ခူးရရှိခဲ့ကြသည်။
Hilton နေပြည်တော်၏ စားဖိုမှုး ကိုဇင်မော်ဝင်းသည် တစ်ဦးချင်းအလိုက်ပြိုင်ပွဲတွင် ၎င်း၏ ဆော်လမွန်ငါးအဓိက ဟင်းလျာကို ပုံစံနှစ်မျိုးဖြင့်ချက်ပြုတ်ပြသခဲ့ပြီး ငွေတံဆိပ်ဆုဆွတ်ခူးရရှိခဲ့သည်။ ပထမ ပုံစံတစ်မျိုးမှာ မီးအပူပေးထားသော ဆော်လမွန်ငါးကို ထောပတ်နှင့် သံပုရာသီးတို့၏ အရသာသွင်းထားသော ဟင်းလျာဖြစ်ပြီး ဒုတိယတစ်မျိုးမှာ sous vide ချက်ပြုတ်နည်း (အသားလွှာအား အတွင်းအပြင်အကျက်ညီစေရန် အချိန်ယူချက်ပြုတ်ရသော ပြင်သစ်ချက်ပြုတ်နည်း) ဖြင့် ပြုလုပ်ထားသော ဆော်လမွန်ငါးကို သံလွင်ဆီ၊ မှိုအစာသွတ်ထားသော tortellini (အီတလီပတ်စတာ)၊ ပြောင်းဖူးပူတင်း၊ ထောပတ်သုတ်ထားသော ဟင်းသီးဟင်းရွက်ပြုတ်နှင့် ချဉ်သောအရသာရှိသည့် ခရင်မ်ဆော့စ်တို့ဖြင့် မျှတအောင် ပေါင်းစပ်ဖန်တီး ထားသော ဟင်းလျာဖြစ်သည်။
စားဖိုမှုး ကိုဇင်မော်ဝင်းသည် တစ်ဦးချင်းစီအလိုက်ပြိုင်ပွဲတွင် ရမှတ် ၈၆ မှတ်ဖြင့် ငွေတံဆိပ်ဆုရရှိခဲ့ပြီး ရွှေတံဆိပ်ဆုနှင့် ရမှတ် လေးမှတ်သာ ကွာခြားသည်။ ထို့ပြင် ၎င်းသည် အသင်းလိုက် အနောက်တိုင်းအစားအစာတည်ခင်းဧည့်ခံမှု ပြိုင်ပွဲတွင်လည်း ပါဝင်ယှဉ်ပြိုင်ပြီး ငွေတံဆိပ်ဆုရယူပေးနိုင်ခဲ့သည်။ စားဖိုမှုး ကိုဇင်မော်ဝင်းနှင့်အတူ Hilton နေပြည်တော် မှ အဖျော်ယမကာဖျော်စပ်သူများဖြစ်ကြသည့် ကိုဇွဲမာန်ဦး၊ ကိုနိုင်လင်းအောင်တို့သည် Le P lanteur မှ ကိုဇင်မျိုးနွယ်၊ အဖျော်ယမကာဖျော်စပ်သူ ကိုကျော်ကျော်တို့နှင့် အသင်းဖွဲ့၍ အဓိကဟင်းလျာ၊ ဟင်းရည်၊ အချိုပွဲ စသည်ဖြင့် အစားအသောက်ငါးမျိုးကို အချိန်လေးနာရီအတွင်း လူ ၁၃ ယောက်စာပြင်ဆင်ခဲ့သည်။
“အာရှမှာရှိတဲ့ အကောင်းဆုံးသော စားဖိုမှုးတွေနဲ့ ယှဉ်ပြိုင်ရတာဟာ အတွေ့အကြုံကောင်းတစ်ခုဖြစ်သလို၊ ဂုဏ်ယူ မိပါတယ်။ ကမ္ဘာ့ဘယ်နေရာဒေသမှာမဆို အောင်မြင်နိုင်တဲ့အလားအလာရှိတဲ့ လူငယ်စားဖိုမှုးတွေ မြန်မာနိုင်ငံမှာ အများကြီးရှိပါတယ်။ အခုလို ဆုရရှိမှုဟာလည်း သူတို့ကို အကောင်းဆုံးကြိုးစားဖို့နဲ့ နောက်တကြိမ် ကျွန်တော်တို့ ရွှေတံဆိပ်ဆုရရှိဖို့ လှုံ့ဆော်လိုက်သလိုပါပဲ” ဟု စားဖိုမှုး ကိုဇင်မော်ဝင်းက ပြောသည်။
စားဖိုမှုး ဇင်မော်ဝင်း နှင့် အခြားဟိုတယ်များမှ စားဖိုမှုးလေးယောက်တို့သည် အောက်တိုဘာလ၌ ဂျာမနီတွင် ကျင်းပမည့် Culinary Olympics တွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ဖိတ်ခေါ်ခြင်းခံရသည်။
No comments:
Post a Comment