Monday, May 2, 2016

Emirates လေကြောင်းလိုင်း ရန်ကုန်သို့ ပျံသန်းမည်

Share it Please
၂၀၁၆ ခုနှစ် သြဂုတ်လ ၃ ရက်နေ့မှစတင် ၍ Emirates လေကြောင်းလိုင်းသည် မြန်မာနိုင်ငံအတွက် Dubai-Yangon၊ ဗီယက်နမ်နိုင်ငံအတွက် Dubai-Hanoi ခရီးစဉ်များကို စတင်ပျံသန်းတော့မည်ဖြစ်သည်။ ခရီးသွားပုံစံ ၃ မျိုးပါဝင်သည့် ဘိုးရင်း 777-300ER လေယာဉ်အမျိုးအစားဖြင့်ပျံသန်းမည့် ဤခရီးစဉ်အသစ်သည် Emirates ၏ အရှေ့တောင်အာရှသို့ ပျံသန်းမှုအား ချဲ့ထွင်လိုက်ခြင်းဖြစ်ပြီး ဟနွိုင်းနှင့် ရန်ကုန်ကြား ချိတ်ဆက်သွားလာလိုသည့် ခရီးသွားများအတွက် ရွေးချယ်စရာအသစ်တစ်ခုလည်း ဖြစ်လာမည်ဖြစ်သည်။ ထို့အပြင် မြန်မာနှင့် ဗီယက်နမ်နိုင်ငံမှ ခရီးသွားများအနေနှင့် Emirates လေကြောင်းလိုင်း၏ ကမ္ဘာလုံးဆိုင်ရာ ချိတ်ဆက်ပျံသန်းမှုကိုလည်း တွေ့ကြုံခံစားနိုင်တော့မည်ဖြစ်သည်။

ထို့အပြင် ဤခရီးစဉ်သစ်သည် ယခုနှစ်မတ်လ ၃၀ ရက်တွင်စတင်ပြေးဆွဲမည့် ဖိလစ်ပိုင်နိုင်ငံရှိ စီဘူးနှင့် ကလာ့ခ်မြို့ခရီးစဉ်များအပါအဝင် အရှေ့တောင်အာရှဒေသရှိ နိုင်ငံ ၇ နိုင်ငံမှ မြို့ကြီး ၁၂ မြို့သို့ တိုးချဲ့ပျံသန်းပြေးဆွဲမည့် Emirates လေကြောင်းလိုင်း၏ ဝန်ဆောင်မှုကိုလည်း ချဲ့ထွင်လိုက်ခြင်းပင်ဖြစ်သည်။

ရန်ကုန်မြို့သည် မြန်မာနိုင်ငံ၏ စီးပွားရေးအချက်အချာမြို့တော်ဖြစ်ပြီး လူဦးရေ ၇.၂ သန်းနေထိုင်သည့် အကြီးဆုံးမြို့တစ်ခုလည်းဖြစ်သည်။ မြန်မာနိုင်ငံ၏ ခရီးသွားကဏ္ဍကို မြှင့်တင်လိုက်သည့် အချိန်မှစ၍ ကမ္ဘာလှည့်ခရီးသွားများ လာရောက်လည်ပတ်မှု များပြားလာခဲ့ပြီး နိုင်ငံ၏ eco-tourism နှင့် ရှေးဟောင်းသမိုင်းဝင် စေတီပုထိုးများကြောင့်လည်း လူသိများကျော်ကြားလာခဲ့သည်။

 ဘာသာရေးဆိုင်ရာ ရှေးဟောင်းနယ်မြေများ၊ သဘာဝအတိုင်း လှပသာယာသော ပင်လယ်ကမ်းခြေများကြောင့် ၂၀၁၄ ခုနှစ်တွင် ကမ္ဘာလှည့်ခရီးသွား ၁.၁ သန်းကို ၀င်ရောက်ခဲ့ပြီး ယခင်နှစ်ထက် ၂၅% ပိုမိုများပြားသည့် အရေအတွက်လည်းဖြစ်သည်။ နိုင်ငံ၏ အဓိက ကုန်သွယ်မှုအချက်အခြာဖြစ်သည့်အပြင် စက်မှုလုပ်ငန်းများ၊ အိမ်ခြံမြေလုပ်ငန်းများနှင့် ဖျော်ဖြေရေးလုပ်ငန်းများကြောင့် ရန်ကုန်မြို့သည် မြန်မာပြည်တိုးတက်ဖွံ့ဖြိုးမှုအညွန်းကိန်း၏ ငါးပုံတစ်ပုံကို ထောက်ပံ့ ဖြည့်ဆည်းပေးလျက်ရှိသည်။
ဗီယက်နမ်နိုင်ငံ၏ မြောက်ပိုင်းတွင်တည်ရှိသော ဟနွိုင်းမြို့သည် ဗီယက်နမ်နိုင်ငံ၏ မြို့တော်ဖြစ်ပြီး လူဦးရေ ၇ သန်းကျော်နေထိုင်သည့် ဒုတိယအကြီးဆုံးမြို့လည်းဖြစ်သည်။ ၁၉၉၀ ခုနှစ်များမှစ၍ ဟနွိုင်းမြို့၏ စီးပွားရေးသည် တဖြည်းဖြည်းချင်းတိုးတက်လာပြီး စက်မှုဇုန်ုများနှင့် လုပ်ငန်းစုများကို မြင်တွေ့ရခြင်းကြောင့်လည်း ထိုအချက်ကို သက်သေပြပြီးသားဖြစ်ခဲ့သည်။ သမိုင်းဝင်လေ့လာစရာနေရာများအပြင် Ha Long Bay ကဲ့သို့သော ယူနက်စကို အသိအမှတ်ပြု ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်နေရာများကြောင့်လည်း ယဉ်ကျေးမှုဆိုင်ရာအချက်အချာနေရာအဖြစ် လူသိများထင်ရှားလာခဲ့သည်။

၂၀၁၂ ခုနှစ်အတွင်းက ဟိုချီမင်းမြို့တော်တွင် စတင်ခဲ့သည့် ဝန်ဆောင်မှုနှင့် ၂၀၁၃ တွင် စတင်ခဲ့သည့် ကုန်တင်သီးသန့်ဝန်ဆောင်မှုများပြီးနောက် ဟနွိုင်းမြို့သည် ဗီယက်နမ်နိုင်ငံအတွင်း Emirates လေကြောင်းလိုင်း၏ ဒုတိယ ခရီးသည်ဝန်ဆောင်မှုပေးရာနေရာတစ်ခုဖြစ်သည်။

ရန်ကုန်မြို့နှင့် ဟနွိုင်းမြို့ နေ့စဉ်ခရီးစဉ်များ ပျံသန်းရင်း  ဒေသတွင်းလုပ်ငန်းတူများဖြစ်သည့် Bangkok Airways နှင့် Jetster တို့နှင့်ပူးပေါင်းပြီး အရှေ့တောင်အာရှရှိ မြို့တော်များနှင့် ခရီးသွားများစိတ်ဝင်စားသည့်နေရာများကိုပါ ခရီးသွားလာမှုအစီအစဉ်များရေးဆွဲနိုင်ရန် ဝန်ဆောင်ပေးကာ ခရီးသွားများအတွက် အထောက်အကူပေးလျက်ရှိသည်။
 “အခုလက်ရှိပြေးဆွဲနေတဲ့ ခရီးစဉ်တွေအပြင် Emirates က အရှေ့တောင်အာရှခရီးစဉ်တွေကို တိုးချဲ့ပြေးဆွဲပြီး မြန်မာနိုင်ငံနဲ့ဗီယက်နမ်နိုင်ငံက ခရီးသွားတွေအနေနဲ့ ဥရောပက မြို့တော် ၃၉ မြို့၊ အရှေ့အလယ်ပိုင်းက မြို့ ၁၆မြို့အပြင် ကျွန်တော်တို့လေကြောင်းလိုင်းက ချိတ်ဆက်ပျံသန်းနေတဲ့ အာဖရိကနဲ့ အမေရိကမှာရှိတဲ့ မြို့တွေကိုပါ သွားရောက်နိုင်တဲ့ အခွင့်အလမ်းတွေပိုရလာတော့မှာပါ။” ဟု Emirates လေကြောင်းလိုင်း၏  Strategic Planning၊ Revenue Optimisation နှင့် Aeropolitical Affairs ဌာန၏ အကြီးတန်းဒုတိယဥက္ကဌဖြစ်သူ Adnan Kazim ကပြောသည်။

 “Emirates ရဲ့ မြန်မာနိုင်ငံကို တိုးချဲ့ပျံသန်းတဲ့ခရီးစဉ်သစ်က ၂၀၂၀ မှာ ခရီးသွား ၇ဒသမ ၅သန်း ရောက်ရှိရမယ်ဆိုတဲ့ မြန်မာနိုင်ငံရဲ့ ခရီးသွားမဟာစီမံကိန်းကို အထောက်အကူပြုစေမှာပါ။ ပြီးတော့ ဗီယက်နမ်နိုင်ငံသူ နိုင်ငံသားတွေအတွက် ဒူဘိုင်းကို သွားရောက်ဖို့အတွက် ရွေးချယ်စရာတွေ ပိုမိုရရှိလာပြီး  Emirates ရဲ့ နိုင်ငံတကာနဲ့ ချိတ်ဆက်ထားတဲ့  ခရီးစဉ်တွေမှာ ပါဝင်ပျံသန်းနိုင်တော့မှာပါ။ နို်င်ငံပြင်ပမှာရောက်နေတဲ့ ဗီယက်နမ်လူမျိုးတွေ အတွက်ရော ဗီယက်နမ်နိုင်ငံကိုလာလည်ချင်တဲ့လူတွေအတွက်ပါ အဆင်ပြေစေမှာပါ။” ဟု ၄င်းကဆက်လက် ပြောသည်။

ခရီးသွားပုံစံသုံးမျိုးပါ ဘိုးရင်း 777-300ER လေယာဉ်သည် ပထမတန်းစား ထိုင်ခုံ ၈ခုံ၊ Business Class ထိုင်ခုံ ၄၂ ခုံနှင့် ရိုးရိုးတန်းထိုင်ခုံ ၃၁၀ ခုံပါဝင်သည့် လေယာဉ်အမျိုးအစားဖြစ်သည်။ ကုန်တင်မှုအနေဖြင့်လည်း  ခရီးသည်များ၏ လက်ဆွဲအိတ်များ ထည့်သွင်းနိုင်သည့် နေရာများအပြင် လေယာဉ်ဝမ်းဗိုက်အတွင်း ကုန်တန်ချိန် ၂၀ အထိ ပစ္စည်းများ ထည့်သွင်းနိုင်သည်။ ဒူဘိုင်းနှင့် ဟနွိုင်းကြား အပတ်စဉ်ပြေးဆွဲနေသည့် ကုန်တင်သီးသန့်ပျံသန်းမှုအပြင် တန်ချိန် ၂၆၀ ပိုမိုလာခြင်းဖြစ်သည်။

ထို့အပြင် အဆိုပါ အသစ်ပြေးဆွဲမည့် ခရီးလမ်းကြောင်းကိုအသုံးပြု၍ မြန်မာနိုင်ငံမှ အဝတ်အထည်များနှင့် ရေထွက်ကုန်ပစ္စည်းများနှင့် ဟနွိုင်း၏ ထုတ်ကုန်ဖြစ်သည့် ပင်လယ်ထုတ်ကုန်များနှင့် လျှပ်စစ်ပစ္စည်းများကို အပြန်အလှန်တင်ပို့ရောင်းချလာနိုင်တော့မည်ဖြစ်သည်။

အဆိုပါခရီးစဉ်အသစ်၏ ပျံသန်းပြေးဆွဲချိန်များကို ဒူဘိုင်းမှတဆင့် ဥရောပနိုင်ငံများနှင့် GCC (ဘာရိန်း၊ ကူဝိတ်၊ အိုမန်၊ ကာတာ၊ ဆော်ဒီအာရေဗျနှင့် အာရပ်စော်ဘွားများပြည်ထောင်စု) နိုင်ငံများသို့ အချိန်ကုန်သက်သက်သာသာနှင့် အလွယ်တကူသွားလာနိုင်စေရန် ရေးဆွဲထားသည်။

Emirates လေကြောင်းလိုင်း၏ လေယာဉ်အမှတ်စဉ် EK388 သည် ဒူဘိုင်းမြို့မှ နံနက် ၂နာရီ ၅၀ မိနစ်တွင် ထွက်ခွာလာပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ နံနက် ၁၁နာရီ ၅မိနစ်တွင် ဆိုက်ရောက်မည်ဖြစ်ကာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ နေ့လယ် ၁၂နာရီ ၃၅မိနစ်အချိန်တွင်ပြန်လည်ထွက်ခွာကာ ဟနွိုင်း၏ Noi Bai အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ နေ့လယ် ၂နာရီ ၅၀မိနစ်တွင် ရောက်ရှိမည်ဖြစ်သည်။ အပြန်ခရီးစဉ်အဖြစ်  စီးနင်းလိုက်ပါမည့် ခရီးသွားများအတွက် လေယာဉ်နံပါတ် EK 389 သည် ဟနွိုင်းမြို့မှ ည ၁၀း၅၀ နာရီတွင် ထွက်ခွာလာပြီး ည ၁၂ နာရီ ၂၀မိနစ်အချိန်တွင် ရန်ကုန်သို့ ပြန်လည်ရောက်ရှိမည်ဖြစ်သည်။ အဆိုပါ လေယာဉ်သည်

ရန်ကုန်မြို့မှ နံနက် ၁နာရီ ၅၀မိနစ်တွင် ပြန်လည်ထွက်ခွာမည်ဖြစ်ပြီး ဒူဘိုင်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ နံနက် ၅နာရီ ၅မိနစ်တွင် ဆိုက်ရောက်မည်ဖြစ်သည်။

Emirates လေကြောင်းလိုင်း၏ ဘိုးရင်းအမှတ် 777-300ER ကို လိုက်ပါစီးနင်းကြမည့် ခရီးသွားများသည် လေယာဉ်ပေါ်တွင် ice system အသိအမှတ်ပြုဆုရရှိထားသည့် ဖျော်ဖြေရေးလိုင်းပေါင်း ၂၂၀၀ကျော်ဖြင့် မိမိကြိုက်နှစ်သက်သည့် ဖျော်ဖြေရေးအစီအစဉ်များကို ရွေးချယ်ကြည့်ရှုနိုင်မည်ဖြစ်သည်။ ထို့အပြင် Emirates လေကြောင်းလိုင်းကို စီးနင်းပြီး ရန်ကုန်မြို့မှ ဟနွိုင်းမြို့သို့ သွားရောက်မည့် ရိုးရိုးတန်းစီး ခရီးသွားများအတွက် ခရီးဆောင်အိတ် ၃၀ကီလို အခမဲ့သယ်ယူခွင့်ပြုမည်ဖြစ်ကာ Business Class ခရီးသွားများအတွက် ၄၀ကီလို၊ ပထမတန်းစီးခရီးသွားများအတွက် ၅၀ကီလိုအထိ အခမဲ့သယ်ယူခွင့်ရရှိမည်ဖြစ်သည်။

အသေးစိတ်အချက်အလက်များ သိရှိလိုပါက www.emirates.com တွင် သွားရောက်လေ့လာနိုင်ပါသည်။

No comments:

Post a Comment