Wednesday, June 22, 2016

ကမ္ဘောဇဘဏ်မှ အာဆီယံဒေသတွင်းထပ်မံတိုးချဲ့မှုအဖြစ် စင်ကာပူနိုင်ငံတွင် ကိုယ်စားလှယ်ရုံးခွဲ ဖွင့်လှစ်ခွင့်ရရှိ

Share it Please
ကမ္ဘောဇဘဏ်လီမိတက်သည် မြန်မာနိုင်ငံ၏ ပထမဆုံး နိုင်ငံတကာကိုယ်စာလှယ်ရုံးခွဲကို ၂၀၁၆ မေလအတွင်း စတင်ဖွင့်လှစ်ခွင့်ရရှိခဲ့ပါသည်။ မြန်မာနိုင်ငံ၏ အကြီးဆုံး ပုဂ္ဂလိကဘဏ်ဖြစ်သည့် ကမ္ဘောဇဘဏ်သည် စင်ကာပူနိုင်ငံတွင် ကိုယ်စားလှယ်ရုံးခွဲဖွင့်လှစ်ခွင့်ကို ယခုလတွင် တရားဝင်ရရှိခဲ့ခြင်းဖြင့် နိုင်ငံတကာခြေလှမ်း၌ ဒုတိယမြောက် သမိုင်းမှတ်တိုင်စိုက်ထူနိုင်ခဲ့ပါသည်။

တရားဝင်ဖွင့်လှစ်ခွင့်လိုင်စင်ကို စင်ကာပူငွေကြေးအာဏာပိုင်အဖွဲ့ (Monetary Authority of Singapore) မှ ပေးအပ်ခဲ့ခြင်းဖြစ်ပြီး ကမ္ဘောဇဘဏ်အနေဖြင့် လအနည်းအတွင်း နိုင်ငံပြင်ပ၌ ကိုယ်စာလှယ်ရုံးဖွင့်ခွင့် ဒုတိယမြောက် ရရှိခဲ့ခြင်းလည်းဖြစ်သည်။ ပြီးခဲ့သည့်မေလအတွင်းက ကမ္ဘောဇဘဏ်သည် မြန်မာနိုင်ငံဘဏ် လုပ်ငန်းသမိုင်းတွင် ပထမဆုံး နိုင်ငံတကာခြေလှမ်းအဖြစ် ထိုင်းနိုင်ငံတွင် ကိုယ်စားလှယ်ရုံးခွဲဖွင့်လှစ်ခွင့် ရရှိခဲ့ပြီးဖြစ်သည်။ ယခုခြေလှမ်း သည် အာဆီယံနှင့် နိုင်ငံတကာတွင် မြန်မာစီပွားရေးလုပ်ငန်းများ တက်လှမ်းလာနိုင်မှုကို အထင်အရှား ဖေါ်ပြနိုင်ခဲ့ ပါသည်။

ကမ္ဘောဇဘဏ်၏ စင်ကာပူနိုင်ငံ ကိုယ်စားလှယ်ရုံးခွဲကို ဦးဇော်လင်းအောင်မှ ကိုယ်စားလှယ်အရာရှိချုပ် (Chief Representative Officer) အဖြစ် ဦးဆောင်သွားမည်ဖြစ်ပြီး ၄င်းသည် ကမ္ဘောဇဘဏ်၏ ဒုတိယအုပ်ချုပ်မှုဒါရိုက်တာနှင့် SME ကဏ္ဍနှင့် ပတ်သက်သည်များကို ဦးဆောင်ဦးရွက်ပြုနေသူဖြစ်ပါသည်။

ကိုယ်စားလှယ်ရုံးခွဲဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ဦးဇော်လင်းအောင်မှ “စင်ကာပူနိုင်ငံက ရင်းနှီးမြှုပ်နှံမှုပမာဏဟာ ယခုအခါ တရုတ်နိုင်ငံထက် များပြား လာပြီဖြစ်ပါတယ်။ နိုင်ငံတကာရင်နှီးမြှုပ်နှံမှုတွေဟာလည်း စင်ကာပူနိုင်ငံမှတစ်ဆင့် ၀င်ရောက်လာခြင်းကြောင့်လည်ဖြစ်ပါတယ်။  မြန်မာနိုင်ငံရဲ့ ဘဏ္ဍာရေးကဏ္ဍမှာ ဦးဆောင် ဘဏ်ကြီးဖြစ်တဲ့ ကမ္ဘောဇဘဏ်အနေနဲ့ နိုင်ငံတကာ စီးပွားရေးလုပ်ငန်းကြီးများရဲ့ မြန်မာနိုင်ငံအတွင်း ရင်နှီးမြှုပ်နှံမှုများကို ထိထိရောက်ရောက် ကူညီပေးနိုင်တော့မှာဖြစ်ပါတယ်။” ဟုပြောကြားခဲ့ပါသည်။

ကမ္ဘောဇအုပ်စုသည် နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ လုပ်ဆောင်လျက်ရှိသည့်အတွက် မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB- Myanmar Center for Responsible Business)မှ ကမ္ဘောဇအုပ်စု ကုမ္ပဏီများကို မြန်မာနိုင်ငံ၏ ပွင့်လင်းမြင်သာမှုအရှိဆုံး အဖွဲ့အစည်းအဖြစ် အသိအမှတ်ပြုခဲ့သည်။

လာမည် ၂၀၁၆ ဒီဇင်ဘာ ၁ ရက်မှ စတင်ပြီး မြန်မာနိုင်ငံနှင့် စင်ကာပူနိုင်ငံအကြား ဗီဇာကင်းလွတ်ခွင့် ပြုသွားမည် ဖြစ်ကြောင်း ယခုလအတွင်းက ထုတ်ပြန်ကြေညာမှုများရှိခဲ့သည်။ ယခုဖြစ်ပေါ်တိုးတက်မှုများသည် စင်ကာပူနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာစေရန်နှင့် နှစ်နိုင်ငံအကြား စီးပွားရေးဆိုင်ရာကိစ္စရပ်များ ပိုမိုလွယ်ကူ လာစေနိုင်မည် ဖြစ်သည်။ ဥပမာအားဖြင့် သီလ၀ါအထူးစီပွားရေးဇုန်ကဲ့သို့သော နိုင်ငံပေါင်း ၁၄ နိုင်ငံက ပါဝင်နေသည့် စီမံကိန်းကြီးတွင် စင်ကာပူနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ ၂၉၈.၁၅ သန်းအထိရှိနေပါသည်။

၂၀၁၅ ခုနှစ်တွင် စင်ကာပူနိုင်ငံ၏ မြန်မာနိုင်ငံအတွင်း နိုင်ငံခြားရင်းနှီးမြုပ်နှံမှု (FDI) ပမာဏမှာ အမေရိကန်ဒေါ်လာ ၄.၃ ဘီလျံဖြင့် ဦးဆောင်ခဲ့ပါသည်။ အဓိက ရင်နှီမြှုပ်နှံသည့် ကဏ္ဍများမှာ ရေနံနှင့် သဘာဝဓါတ်ငွေ့၊ ကုန်ထုတ်လုပ်မှု၊ ဆက်သွယ်ရေး၊ အိမ်ခြံမြေနှင့် ၀န်ဆောင်မှုလုပ်ငန်းများ ဖြစ်ပါသည်။

No comments:

Post a Comment